Google Analytics ဆိုတာ ရိုးရိုးရှင်းရှင်း ပြောရရင် ကိုယ့် Website ဆီ လာကြည့်တဲ့ သူတွေရဲ့ လှုပ်ရှားမှုကို အမြဲစောင့်ကြည့်ပြီး မှတ်တမ်းတင်ပေးတဲ့ Google ရဲ့ အခမဲ့ Tool တစ်ခု ဖြစ်ပါတယ်။ ဉပမာအနေနဲ့ပြောရရင် ကိုယ့်ဆိုင်ထဲကို လူဘယ်နှစ်ယောက် ဝင်နေလဲ ထွက်နေလဲ၊ ဘာတွေလုပ်နေလဲဆိုတာကို သိအောင် စာရင်းသွင်းပေးနေတဲ့ ဒစ်ဂျစ်တယ် မန်နေဂျာတစ်ယောက်ပေါ့။

ဒီ Tool ကို သုံးထားရင် Website ထဲကို လူတွေက Facebook လို လူမှုကွန်ရက်ကနေ လာတာလား၊ Google ကနေ ရှာပြီး လာတာလား၊ ဒါမှမဟုတ် တခြား ကိုလုပ်ထားတဲ့ ကြော်ငြာတွေကနေ ဝင်လာတာလားဆိုတာကိုပါ လမ်းကြောင်း တိတိကျကျ သိနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး၊ ဝင်လာတဲ့သူတွေက ဘယ်မြို့၊ ဘယ်နိုင်ငံကလဲ၊ အသက်အရွယ် ဘယ်လောက်ရှိလဲဆိုတဲ့ Customer အချက်အလက်တွေကိုပါ သိနိုင်တဲ့အပြင် သူတို့က ကိုယ့် Website ထဲက ဘယ်စာမျက်နှာ ကို အများဆုံးကြည့်သွားကြလဲ၊ ဘယ်ဝန်ဆောင်မှုတွေကို အစိတ်ဝင်စားဆုံးလဲ၊ Website/Web Page ပေါ်မှာ အချိန်ဘယ်လောက်ကြာကြာ ပေးပြီး ဖတ်သွားလဲဆိုတာကိုပါ ကွက်တိ ဖော်ပြပေးပါတယ်။

“ မှန်ကန်တဲ့ Data အချက်အလက်ရှိမှသာ မှန်ကန်တဲ့ စီးပွားရေး ဆုံးဖြတ်ချက်ကို ချနိုင်မှာပါ။ Google Analytics က Digital ခေတ်ကြီးမှာ Data မရှိပဲ မျက်စိမှိတ်လမ်းလျှောက်နေရတဲ့ သူတွေကို ကူညီပေးတဲ့ Tool တစ်ခုပါ။ ”မြန်မာနက်

သူ့ရဲ့ တိကျတဲ့အချက်အလက်တွေကြောင့် Customer တကယ်စိတ်ဝင်စားတဲ့ အကြောင်းအရာနဲ့ ပစ္စည်းတွေကိုပဲ အာရုံစိုက်ပြီး အရောင်းမြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် online ပေါ်မှာ ရေရှည်အောင်မြင်ချင်တဲ့ Website တိုင်းအတွက် တကယ်ကို မရှိမဖြစ် လိုအပ်တဲ့ အရေးကြီးဆုံး Tool တစ်ခုပဲ ဖြစ်ပါတယ်။