Website ရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကြားထဲမှာ SEO အကြောင်း ပြောဖြစ်ကြမယ်ထင်ပါတယ်။ SEO ဆိုတာ အရှင်းဆုံးပြောရရင် ကိုယ့် Website ကို လူရှာများတဲ့ Keyword နဲ့ Google မှာ ရှာရင် ထိပ်ဆုံးမှာ ပေါ်အောင် လုပ်တာပါ။ အင်တာနက်ခေတ်မှာ Traffic က အသက်မို့ ကိုယ့်လုပ်ငန်းက ထိပ်ဆုံးမှာ ရှိနေရင် ဥပမာ myanmar postal code လို့ ရှာလိုက်တာနဲ့ ကိုယ့် Website ချက်ချင်းတက်လာရင် လူဝင်များပြီး အရောင်းတက်လာမှာပါ။

သို့သော်ငြားလည်း အခုချိန်မှာ “SEO က လစ်သွားပြီ” လို့တောင် ပြောနေကြတယ်။ ဘယ်သူကမှ Google ရဲ့ နံပါတ် (၁) နေရာကို ရောက်အောင် (အသေအချာ အာမခံမပေးနိုင်တော့ပါဘူး)။ တကယ်လို့ ပေးနိုင်တယ်ဆိုရင်တော့ အဲဒီလူက Google CEO နဲ့ ငယ်သူငယ်ချင်း ဖြစ်ဖြစ်၊ ဒါမှမဟုတ် ပိုက်ဆံလိမ်ချင်လို့ပဲ ဖြစ်လိမ့်မယ်။

Google က Panda နဲ့ Penguin အစရှိတဲ့ Update တွေ ထုတ်ပြီးကတည်းက SEO က ကိစ္စချောသွားတာပါ။ နည်းမှန်လမ်းမှန် လုပ်ရင်တောင် အနည်းဆုံး ၆ လလောက် စောင့်ရပြီး တက်လာရင်တောင် ကြာကြာမခံတော့ဘူး။ အဓိကက Google က အမှတ်ပေးစည်းမျဉ်းတွေ ခဏခဏပြောင်းနေတာ၊ Keyword တစ်ခုတည်းကို အဓိကမထားတော့တာတွေကြောင့်လည်း ပါတယ်။

အခုဆို Google က အသုံးပြုသူရဲ့ တည်နေရာလိုက်ပြီး ရှာလိုက်ရင် ထုတ်ပြတဲ့ Result တွေ မတူတော့ပါဘူး။ ရှာတဲ့ စာလုံးချင်းတူရင်တောင် ဂျပန်မှာ ပြတဲ့ Result နဲ့ မြန်မာမှာပြတဲ့ result မတူတော့ပါဘူး။ နိုင်ငံအလိုက် result တွေမတူတော့တာပါ။

ခုနောက်ပိုင်း အေအိုင်ခေတ်မှာ လူတစ်ဉီးချင်းစီကို ပြတဲ့ Result တောင် မတူညီတော့အောင် လုပ်နေကြပါပြီ။ ဆိုလိုတာက မြန်မာနိုင်ငံထဲမှာပဲ Apple ဆိုတဲ့ စာလုံးကို ရိုက်ရှာလိုက်ရင် Eelctronic ကို စိတ်ဝင်စားတဲ့သူကို ဂူဂယ်က Apple ရဲ့ electronic ထုတ်ကုန်တွေကို ဉီးစားပေးပြမှာဖြစ်ပြီး စိုက်ပျိုးရေးကို စိတ်ဝင်စားသူဆိုရင်တော့ စားလို့ရတဲ့ ပန်းသီး နဲ့ သက်ဆိုင်တာတွေကို ဉီးစားပေးပြမှာပါ။ ဒီလိုပြနိုင်ဖို့ကိုလည်း ဒီလူက ဘာတွေကို စိတ်ဝင်စားလဲဆိုတဲ့ human behavior ကို သိအောင် လုပ်ထားပြီး ဖြစ်ပါတယ်။ အချို့တွေ ပြောကြတာကတော့ Google ကိုယ်တိုင်က သူရဲ့ အခပေးကြော်ငြာဝန်ဆောင်မှုဖြစ်တဲ့ SEA (Google AdWords) ကို ပိုရောင်းချင်လို့ တမင် လုပ်တယ်လို့လည်းဆိုကြပါတယ်။

“ ရှာတဲ့စာလုံးချင်းတူရင်တောင် ဂျပန်နဲ့ မြန်မာမှာပြတဲ့ Result မတူတော့သလို၊ AI နည်းပညာကြောင့် လူတစ်ဦးချင်းစီရဲ့ စိတ်ဝင်စားမှု (Human Behavior) ပေါ်မူတည်ပြီး ပြသတဲ့ Result တွေပါ ကွာခြားကုန်ပါပြီ ”မြန်မာနက်

ဒါကြောင့်လည်း ၂၀၁၃ နောက်ပိုင်းကစလို့ ကမ္ဘာ့လုပ်ငန်းကြီးတွေဟာ SEO အစား မြန်ဆန်ထိရောက်တဲ့ SEA ဘက်ကို လှည့်လာကြတာပါ။ SEA မှာ Google AdWords အပြင် Bing Ads နဲ့ Yahoo Ads တွေလည်း ရှိပြီး သူတို့က စိတ်ဝင်စားသူက Click နှိပ်မှပဲ ပိုက်ဆံပေးရတဲ့ (CPC) စနစ်ပါ။

အားသာချက်ကတော့ မိနစ်ပိုင်းအတွင်းမှာတင် ကိုယ့် Website ကို ထိပ်ဆုံးစာမျက်နှာ (First Page) မှာ ချက်ချင်းတင်ပေးနိုင်တာပဲ။ ပြီးတော့ Keyword တင်မကဘဲ နိုင်ငံ၊ ဘာသာစကား၊ အချိန်၊ Device နဲ့ စိတ်ဝင်စားတဲ့ Target user group/topics အထိ အသေးစိတ် ရွေးပြီး ကြော်ငြာလို့ရတယ်။ ကိုယ့် Website လာဖူးတဲ့သူတွေကို ပြန်ပြတဲ့ Remarketing လည်း လုပ်လို့ရသေးတယ်။

၂၀၁၄ တုန်းက Google မှာ Google AdWords ကနေ ဒေါ်လာ ၅၉ ဘီလီယံအထိ ဝင်ငွေရခဲ့တာ ကြည့်ရင်ပဲ စီးပွားရေးလုပ်ငန်းရှင်တွေဟာ မရေရာတဲ့ SEO ထက် ချက်ချင်းရလဒ်ပြတဲ့ အခပေးကြော်ငြာစနစ်တွေဆီကို ပြောင်းကုန်ကြတာကို သတိထားမိနိုင်ပါတယ်။

ဒါဆိုရင် SEO ကြီးက လုံးဝမလုပ်ရတော့ဘူးလား ဆိုရင်တော့ အဲ့လိုလည်း မဟုတ်ပြန်ပါဘူး။ Website လုပ်ပြီဟေ့ဆိုရင်တော့ တစ်ကယ်နားလည်တဲ့ ကုမ္ပဏီတွေက One-time SEO ဆိုပြီး လုပ်ပေးပါတယ်။ အတိုချုံ့ပြီး နားလည်အောင်ပြောရရင် One-time SEO ဆိုတာ SEO အတွက် လိုအပ်တဲ့ အခြေခံ လိုအပ်ချက်တွေကို တစ်ခါတည်း Setup လုပ်ပြီး ထည့်ပေးလိုက်တာပါပဲ။