2016 - Today (NLD)

Search Myanmar Laws - ဥပဒေများကို အလွယ်တကူ ရှာနိုင်ပါသည်။


   

2016-08-31 - ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

 ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

(၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၆။ )

၁၃၇၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၃ ရက်   

(၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

 

ဤဥပဒေကို ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။

ဤဥပဒေသည် ၂၀၁၆-၂၀၁၇ ဝင်ငွေနှစ် အတွက်မှ စတင် အကျိုးသက်ရောက်စေရမည်။

၃။

ဝင်ငွေခွန်ဥပဒေတွင် ပါရှိသော “ကုမ္ပဏီများဆိုင်ရာ အခွန်ရုံး ဆိုသည့် စကားရပ်ကို “အလယ် အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၄။

ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (န)၊ ပုဒ်မခွဲငယ် (၁) ကို အောက်ပါအတိုင်း အစားထိုးရမည် -

(၁)

ဤဥပဒေအရ တောင်းခံသည့် သို့မဟုတ် အခွန်ထမ်း ကိုယ်တိုင်က ဝင်ငွေကြေညာလွှာနှင့် အတူ စည်းကြပ်မှု ခံယူထားသည့် အခွန်အားလုံးကိုဖြစ်စေ၊ တချို့တစ်ဝက်ကိုဖြစ်စေ သတ်မှတ်ထားသည့် သို့မဟုတ် တိုးမြှင့်ပေးထားသည့် အချိန်ကာလအတွင်း ပေးဆောင်ရန် ပျက်ကွက်သူ၊

  ၅။

ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၅ တွင် -

(က)

ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် (၃) ကို အောက်ပါအတိုင်း အစားထိုးရမည် -

(ခ)

ပုဒ်မခွဲ (ဃ) ကို အောက်ပါအတိုင်း အစားထိုးရမည် -

(ဃ)

ကုလသမဂ္ဂ၊ သံတမန်၊ ကောင်စစ်ရေးရာ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် အထူးစီးပွားရေးဇုန်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်နှင့်အဆောင်အယောင် များဆိုင်ရာ ဥပဒေတစ်ရပ်ရပ်တို့တွင် ဝင်ငွေခွန်နှင့် သက်ဆိုင်သည့် အကျိုး ခံစားခွင့်များ ပြဋ္ဌာန်းပါရှိလျှင် ယင်းပြဋ္ဌာန်းချက်များနှင့်အညီ ခံစားခွင့် ရှိစေရမည်။ ယင်းဥပဒေများမှတစ်ပါး အခြားဥပဒေတစ်ရပ်ရပ်တွင် ဝင်ငွေခွန်နှင့်သက်ဆိုင်သည့် အကျိုး ခံစားခွင့်ကို မည်သို့ပင် ပြဋ္ဌာန်းပါရှိစေကာမူ ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေနှင့် ဝင်ငွေခွန် ဥပဒေတို့ပါ ပြဋ္ဌာန်းချက်အတိုင်း လိုက်နာ ဆောင်ရွက်ရမည်။

၆။

ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂) နှင့် ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၂)၊ ပုဒ်မခွဲငယ်စိတ် (ခခ) တို့တွင် ပါရှိသော “အခွန်ထမ်း၏ အိမ်ထောင်ဖက်နှင့် သားသမီးများ ဆိုသည့် စကားရပ်ကို “နည်းဥပဒေပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် အခွန်ထမ်း၏အတူနေ မိဘ၊ အိမ်ထောင်ဖက်နှင့် သားသမီးများ ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၇။

ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၈ တွင် -

(က)

 ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၄) ၌ ပါရှိသော “ပစ္စည်း ဆိုသည့် စကားရပ်ကို “ပစ္စည်းငှားရမ်းခ ဆိုသည့် စကားရပ်ဖြင့် အစားထိုး ရမည်။

(ခ)

ပုဒ်မခွဲ (ခ) ၌ ပါရှိသော “လစာမှ ဝင်ငွေ၊ အသက်မွေးဝမ်းကျောင်း ပညာလုပ်ငန်းမှ ဝင်ငွေ၊ ပစ္စည်းမှဝင်ငွေ ဆိုသည့် စကားရပ်ကို “အသက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းမှ ဝင်ငွေ ဆိုသည့်စကား ရပ်ဖြင့် အစားထိုးရမည်။

 ၈။

ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၉ ကို အောက်ပါအတိုင်း အစားထိုးရမည်-

 ၉။

မည်သူမဆို အလုပ်ရှင်ထံမှ မိမိရရှိသည့် သို့မဟုတ် ရရန်ရှိသည့် လစာ၊ လုပ်ခ၊ နှစ်စဉ်ကြေး၊ ဆုကြေး၊ ချီးမြှင့်ငွေ၊ လစာနှင့်လုပ်ခအစား သို့မဟုတ် ယင်းတို့အပြင် ထပ်ဆောင်းရရှိသည့် အခကြေးငွေ၊ ကော်မရှင် တို့အတွက် လစာခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရမည်။

 ၉။

ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၃) ကို အောက်ပါ အတိုင်း အစားထိုးရမည်-

 (၃)

လုပ်ငန်းပမာဏနှင့် မမျှအောင်များသည့် စရိတ်၊ မဆီလျော်သည့် စရိတ်၊ ထိုဝင်ငွေရရန် ကုန်ကျခြင်း မဟုတ်သည့် စရိတ်၊

၁၀။

ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၂ ၏ ဘေးခေါင်းစဉ်၌ ပါရှိသော “ပစ္စည်း ဆိုသည့် စကားရပ်ကို “ပစ္စည်း ငှားရမ်းခ ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ(က) တွင် ပါရှိသော “ပစ္စည်းခေါင်းစဉ်ဖြင့် ဆိုသည့် စကားရပ်ကို “ပစ္စည်းငှားရမ်းခခေါင်းစဉ်ဖြင့် ဆိုသည့် စကားရပ်ဖြင့် လည်းကောင်း အစားထိုးရမည်။

 ၁၁။

ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၆-က တွင် ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ခ) တို့ကို အောက်ပါအတိုင်း အစား ထိုးရမည်-

(က)

 ပုဒ်မ ၁၅ အရ ပေးဆောင်ရသည့်အခွန်သည် ထိုနှစ်အတွင်းမိမိ ရရှိမည့် စုစုပေါင်းဝင်ငွေကို ခန့်မှန်း တွက်ချက်၍ ယင်းအပေါ်တွင် ကျသင့်သည့် အခွန်ဖြစ်ရမည်။ ယင်းအခွန်ကို -

(၁)

သုံးလတစ်ကြိမ် ပေးသွင်းရမည်ဖြစ်ပြီး သုံးလပြည့်မြောက်သည့် နေ့ရက်မှ ၁၀ ရက်အတွင်း သတ်မှတ်သည့် နည်းလမ်းများအတိုင်း ပေးသွင်းရမည်။

(၂)

ပုဒ်မခွဲငယ်(၁) အရ သတ်မှတ်ရက်အတွင်း ပေးသွင်းလျှင် သက်ဆိုင်ရာ ဝင်ငွေနှစ် အတွက် ပေးသွင်း သည့် အခွန်အဖြစ် ဟု မှတ်ယူရမည်။

 (ခ)

အခြေပစ္စည်းမှ မြတ်စွန်းငွေဖြစ်ပါက အခြေပစ္စည်းကို ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ အခြား တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းပြုသည့် နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်းအခြေပစ္စည်းမှ မြတ်စွန်းငွေ အပေါ် ကျသင့်သည့်အခွန်ကို ခန့်မှန်းတွက်ချက် ပေးသွင်းရမည်။

 ၁၂။

ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၇၊ ပုဒ်မခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည် -

 (က)

မည်သူမဆို ဝင်ငွေနှစ်အတွင်း ဝင်ငွေခွန်စည်းကြပ်ထိုက်သည့် စုစုပေါင်းဝင်ငွေရရှိလျှင် ထိုဝင်ငွေ နှစ်အတွက် မိမိ၏ဝင်ငွေကြေညာလွှာကိုလည်းကောင်း၊ ဘာသာရေး သို့မဟုတ် ကုသိုလ်ရေး အဖွဲ့အစည်း များမှအပ ကုမ္ပဏီအပါအဝင် မည်သည့် ပုဂ္ဂိုလ်စုမဆို ထိုဝင်ငွေနှစ်အတွက် မြတ်စွန်းငွေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ  ဝင်ငွေ ကြေညာလွှာကို လည်းကောင်း စည်းမျဉ်းများဖြင့် ပြဋ္ဌာန်းထားသည့်အတိုင်း ဝင်ငွေ နှစ်ကုန်ဆုံးပြီး သုံးလအတွင်း ပေးပို့ရမည်။ သို့ရာတွင် လစာခေါင်းစဉ်မှ ဝင်ငွေသာ ရရှိသူဖြစ်လျှင် ယင်းသို့ ပေးပို့ရန် မလို၊

 ၁၃။

ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၃၀၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၅) ၏ နောက်တွင် ပုဒ်မခွဲငယ် (၆) ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည် -

(၆)

ဖြစ်ထွန်းရရှိသည့် မိမိ၏ဝင်ငွေအပေါ် ကျသင့်အခွန်ကို ကိုယ်တိုင် တွက်ချက် စည်းကြပ် ပေးဆောင်စေရန် ဤဥပဒေအရ ခွင့်ပြုထားသူ။

 ၁၄။

ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၃၁၊ ပုဒ်မခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည်-

(က)

အခြားနိုင်ငံတစ်ခုခု သို့မဟုတ် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း တစ်ခုခုနှင့် ဝင်ငွေခွန်ကိစ္စ ပါဝင်သော အခွန်နှစ်ထပ် စည်းကြပ် ကောက်ခံမှု ရှောင်ရှားရေး သဘောတူစာချုပ် သို့မဟုတ် အခွန်ဆိုင်ရာ သတင်းအချက်အလက်များ အပြန်အလှန် လဲလှယ်ရေး သဘောတူစာချုပ် သို့မဟုတ် သက်သာသော အတိုးနှုန်းဖြင့် ချေးငွေရယူခြင်း ဆိုင်ရာ သဘောတူစာချုပ်စသည့် သဘောတူ စာချုပ် တစ်ရပ်ချုပ်ဆိုပါက ဤဥပဒေပါ အခြား ပြဋ္ဌာန်းချက်များတွင် မည်သို့ပင်ပါရှိစေကာမူ ယင်းစာချုပ်ပါ သဘော တူညီချက်များနှင့် အညီ လိုက်နာ ဆောင်ရွက်ရမည်။

၁၅။

ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၃၂၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၂)ကို အောက်ပါအတိုင်း အစားထိုးရမည် -

(၂)

ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အခွန် ဦးစီးဌာနမှူး သို့မဟုတ် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီး များဆိုင်ရာ အခွန်ရုံးဌာနမှူးထံ လျှောက်ထား၍ ယင်းက ဆုံးဖြတ်သည့်အတိုင်း လိုက်နာဆောင်ရွက်ခြင်း။

 ၁၆။

ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၃၄ ပါပြည်သူ့တရားသူကြီးအဖွဲ့ ဆိုသည့် စကားရပ်များကို “ပြည်ထောင်စု တရားလွှတ်တော်ချုပ်ဆိုသည့် စကားရပ်ဖြင့် လည်းကောင်း၊ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၃၄၊ပုဒ်မခွဲ (ဃ) ပါ “ယင်းတရားသူကြီး အဖွဲ့ ဆိုသည့် စကားရပ်ကို “ယင်းတရားလွှတ်တော်ချုပ် ဆိုသည့် စကားရပ် ဖြင့် လည်းကောင်း အစားထိုးရမည်။

၁၇။

ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၃၇၊ ပုဒ်မခွဲ (ခ) ၏ နောက်တွင် ပုဒ်မခွဲ (ဂ) ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည် -

(ဂ)

အခွန်ထမ်းက မိမိရရှိမည့် ပြန်အမ်းငွေနှင့်စပ်လျဉ်း၍ ဝင်ငွေခွန် စည်းကြပ်မှု တစ်ရပ်ရပ်အရ ပေးဆောင်ရမည့် အခွန်ငွေတွင် ခုနှိမ်ပေးရန် သို့မဟုတ် လက်ရှိ ဝင်ငွေနှစ်အတွက် ကြိုတင်ပေး သွင်းရမည့် ဝင်ငွေခွန်အဖြစ် သတ်မှတ်ပေးရန်တင်ပြပါက မြို့နယ် အခွန် ဦးစီးဌာနမှူးသည် အခွန်ထမ်း၏ တင်ပြချက်နှင့်အညီ ဆောင်ရွက်ပေးနိုင်သည်။

 ၁၈။

ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၄၂ နှင့် ပုဒ်မ ၄၄ တို့တွင် ပါရှိသော “ပုဒ်မရ အရ မြို့နယ်အခွန်ဦးစီးဌာနမှူး ဆိုသည့် စကားရပ်ကို “မြို့နယ်အခွန်ဦးစီးဌာန မှူးဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၁၉။

ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၄၄ ၊ ပုဒ်မခွဲ (ခ) ကို အောက်ပါအတိုင်း အစားထိုးရမည် -

(ခ)

ပုဒ်မခွဲ(က)အရ ဝင်ရောက်ကြည့်ရှုစစ်ဆေးရာ၌ တွေ့ရှိသော မည်သည့်နည်းစနစ်ဖြင့်မဆို ထိန်းသိမ်းထားရှိသော စာရင်းများ၊ စာရွက်စာတမ်းများကို ကြည့်ရှုစစ်ဆေးခွင့်၊ ယင်းတို့ကို မှတ်မိစေရန် တံဆိပ်အမှတ်အသား ရိုက်နှိပ်ခွင့်၊ မှတ်သားခွင့်၊ စနစ်တစ်ခုလုံးကိုဖြစ်စေ၊ ယင်းတို့မှ ကောက်နုတ်ထားချက်များကိုဖြစ်စေ ထုတ်ယူခွင့်၊ မိတ္တူကူးယူခွင့်၊ လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် သက်ဆိုင်သည့် ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းရယူခွင့်။

 ၂၀။

ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၄၄ ၏ နောက်တွင် ပုဒ်မ ၄၄-က ကို အောက်ပါ အတိုင်း ဖြည့်စွက်ရမည်-

၄၄-က။

ပုဒ်မ ၄၄၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ခ) တို့ပါ အခွင့်အာဏာ ကျင့်သုံးခြင်းခံရသော ဥပစာနေရာ၏ ပိုင်ရှင် သို့မဟုတ် ဥပဒေနှင့်အညီ နေထိုင်သူက ယင်းပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ခ) တို့နှင့်အညီ ပြုလုပ် ပိုင်ခွင့်ရှိသူ သို့မဟုတ် ပြုလုပ်ခွင့်ရှိသည့် အဖွဲ့က ဥပစာနေရာသို့ ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် လိုအပ်သည့် အကူအညီများကို ပေးအပ်ရမည်။

၂၁။

ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၄၇၊ ပုဒ်မခွဲ (ခ) တွင် ပါရှိသော “ထိမ်ချန်ခြင်းကြောင့် ပိုမို ကျသင့်သည့် အခွန်၏ ငါးဆယ်ရာခိုင်နှုန်းနှင့်ညီမျှသော ဒဏ်ငွေ ဆိုသည့် စကားရပ်ကို “ထိမ်ချန်ခြင်းကြောင့် ပိုမိုကျသင့်သည့် အခွန်၏ တစ်ဆနှင့်ညီမျှသောဒဏ်ငွေ ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၂၂။

ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၅၁ ကို အောက်ပါအတိုင်း အစားထိုးရမည်-

၅၁။

ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-

(က)

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် နည်းဥပဒေ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို ထုတ်ပြန်နိုင်သည်။

(ခ)

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက် နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

(ဂ)

ပြည်တွင်းအခွန်များ ဦးစီးဌာနသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ သဘော တူညီချက်ဖြင့် ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၂၃။

ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၅၅ ကို အောက်ပါအတိုင်း အစားထိုးရမည်-

၅၅။  (က)  ဤဥပဒေအရ အကြောင်းကြားစာ သို့မဟုတ် ဆင့်စာကို ထိုစာတွင် အမည် ဖော်ပြထားသူအား လည်းကောင်း၊ အကယ်၍ ပုဂ္ဂိုလ်စုဖြစ်လျှင် ယင်းပုဂ္ဂိုလ်စု၏ အရွယ် ရောက်သူ အဖွဲ့ဝင်တစ်ဦးဦး၊ သို့မဟုတ် ဒါရိုက်တာ တစ်ဦးဦး၊ သို့မဟုတ် အုပ်ချုပ်သူ၊ သို့မဟုတ် အတွင်းရေးမှူး အားလည်းကောင်း စာတိုက်မှဖြစ်စေ၊ အီလက်ထရွန်နစ်နည်းဖြင့်ဖြစ်စေ ပေးပို့အတည်ပြုခြင်း သို့မဟုတ် တရားစီရင်ရေး အဖွဲ့မှ တရားမကိစ္စအတွက် ထုတ်ဆင့်သည့် သမ္မန်စာဖြစ်ဘိသကဲ့သို့ အတည်ပြု ခြင်း ပြုနိုင်သည်။

(ခ)ပုဒ်မခွဲ(က)နှင့်အညီ စာတိုက်မှ ဖြစ်စေ၊ အီလက်ထရွန်နစ် နည်းဖြင့်ဖြစ်စေ အကြောင်းကြားစာ သို့မဟုတ် ဆင့်စာပေးပို့ဆောင်ရွက်ခြင်းသည် တရားဝင် အတည်ပြုခြင်း ဖြစ်သည်ဟု မှတ်ယူရမည်။

(ဂ)အခွန်ထမ်းသည် အကြောင်းကြားစာ သို့မဟုတ် ဆင့်စာကို လက်ခံရရှိကြောင်း အကြောင်း ပြန်ကြားခြင်းကို ပုဒ်မခွဲ(က) ပါနည်းများဖြင့် ပြန်လည်ပေးပို့နိုင်သည်။

၂၄။

ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၅၉ ကို အောက်ပါအတိုင်း အစားထိုးရမည် -

၅၉။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလိုက် ပုဂ္ဂိုလ်တစ်ဦးချင်းထံမှ ကောက်ခံရရှိသည့် အခွန်ငွေများ အထဲမှ ပြည်ထောင်စုအစိုးရအဖွဲ့က တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အလိုက် သတ်မှတ်ပေးသော ရာခိုင်နှုန်း အချိုးအတိုင်း သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေသို့ လွှဲပြောင်းပေးသွင်းနိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။


(ပုံ)ထင်ကျော်                                          

နိုင်ငံတော်သမ္မတ                                      

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်                                    

 

 

သင့်ထင်မြင်ချက်လေး ရေးခဲ့ပါ။

Please leave comments or requests to revise or update, about this law...


မိတ်ဆွေ ပြည်ထောင်စု သားရောင်းရင်းများ ခင်ဗျား... ဒီစာမျက်နှာ သို့မဟုတ် ဒီဥပဒေနဲ့ ပတ်သက်ပြီး သင်ဘာပြောချင် ပါသလဲ? သင် ဘယ်လို မြင်ပါသလဲ? ထောက်ခံသလား? ကန့်ကွက်သလား? ဘယ်အပိုင်းက ခေတ်နဲ့ မညီဘူး ဖြစ်နေသလဲ? ဘယ်အပိုင်းကို ဦးစားပေး ပြင်သင့်တယ် ထင်သလဲ?
  • ကြောက်လို့ ဘာမှ မပြောဘဲ နေတာဟာ အဂတိ လိုက်စားတာပါ။ ‘ဘယာဂတိ’ လို့ ခေါ်ပါတယ်။ ဒါတွေ ရပ်ဘို့ လိုပါတယ်။ ပွင့်လင်းတဲ့ လူ့ဘောင် တစ်ခု ဖြစ်လာဘို့ ကျွန်တော်တို့ နိုင်ငံသားတွေကို အားပေး ရပါမယ်။ ပျိုးထောင် ရပါမယ်။ မိမိအမြင်ကို လွတ်လပ်စွာ ဆွေးနွေးတာ၊ တိုင်ပင် နှီးနှောတာ ဒီမိုကရေစီပါ။ ဆွေးနွေးပါ။ ဝေဖန်ပါ။ အားပေးပါတယ်။ ကျွန်တော်တို့ အားလုံးကိုယ်တိုင်လည်း အဝေဖန်ခံနိုင်အောင် ကြိုးစားရပါမယ်။  သဘောထား ကြီးအောင်ကြိုးစားပြီး။ agree to disagree ဆိုတာကို ဒီမိုကရေစီ နည်းကျ ကျင့်ကြံကြရပါမယ်။
  • မိမိ လုပ်ရပ်အားလုံးကို မိမိ တာဝန်ယူရမယ်ဆိုတာလည်း ဒီမိုကရေစီပါ။ ဆဲဆိုတာတွေ၊ မလုပ်ဘဲ ချက်ကျလက်ကျ ပြောဆိုဆွေးနွေး စေချင်ပါတယ်။ မေတ္တာရပ်ခံ လိုပါတယ်။ 
  • မတရားတာတွေ ဒီမိုကရေစီနည်းနဲ့ ရပ်တန့်ဘို့က ဒီလို ဆွေးနွေးဘို့ များများ လိုပါတယ်။ ဒီမှာ ဆွေးနွေးတာတွေကို law-maker တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ မြင်အောင်၊ ဖတ်ဖြစ်အောင် ကျွန်တော်တို့ ကြိုးစား နေပါတယ်။ 
  • ကမ္ဘာမှာ အတိုးတက်ဆုံး အမေရိကန် ပြည်ထောင်စု ဆိုတာ ကမ္ဘာမှာ ဥပဒေ အများဆုံး ရှိတဲ့ တိုင်းပြည်ပါ။ ဆိုလိုတာက ချုပ်ချယ်မှု အများဆုံး တိုင်းပြည်ပါ။ ကာကွယ်သင့်တာတွေကို အကာအကွယ် အများဆုံး ပေးတဲ့ တိုင်းပြည်ပါ။ တစ်ချိန်တည်းမှာ ကမ္ဘာမှာ အလွတ်လပ်ဆုံး တိုင်းပြည်ပါ။ မိမိတို့ ချစ်တဲ့ မြန်မာနိုင်ငံကို the land of opportunities ဖြစ်လာအောင် ဝိုင်းဝန်း အကြံပေး ကြပါ။ ပြုပြင် ပေးကြပါလို့ နှိုးဆော် လိုက်ပါရစေ။

/ အယ်ဒီတာ

ဒီဥပဒေထဲမှာ ဘာတွေ ပြင်သင့်သလဲ? ဆွေးနွေးကြည့်ပါ။
What are needed to be revised in this law?

ဖွဲ့စည်းပုံကို သင့်ဖုန်းပေါ်မှာ ဖတ်နိုင်

Myanmar constitution app for Androidယခု လက်ရှိ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သင့် Android ဖုန်းပေါ်မှာ အလွယ်တကူ ဖတ်နိုင်အောင် mobile app ထုတ်ထားပါတယ်။ အခမဲ့ ရယူနိုင်ပါတယ်။ Myanmar Constitution app for Android mobiles. Download here.

ကက က္က

CSR project by Myanmars.NET

 
Welcome to Myanmar Laws Archive. This is a CSR (corporate social responsibility) project by Myanmars.NET for legal knowledge education program to our people. The law does not excuse people, because they do not know. Myanmar laws are based on English common law, so that it is very similar to many laws in United States, United Kingdom, Australia, Singapore, or Malaysia.

We also have a CSR policy that we do NOT do new businesses with alcoholic, cigarette, and MLM businesses.